ခေတ်သစ်သရုပ်ဆောင်ဘဝ

Monday 20 February 2012


နောက်ဆုံး လက်ကျန် ခေါက်ထားသည့် အကျီ င်္လေးကို အိတ်ထဲ ထိုးထည့်အပြီး ဖွင့်ဟနေသည့် ခရီးဆောင်အိတ်ကို သူမ ဇစ်ဆွဲ ပိတ်လိုက်သည်..။ သူမ ကိုယ်သင်းရနံ့လေး စွဲကျန်နေသေးသည် အခန်းလေးအား ပတ်ပတ်လည် ဝေ့ကြည့်လိုက်ပြီး ရင်ထဲ လွမ်းသလိုလို ။ ယခု ထက်တိုင် ဖွင့်ထားခဲ့မိသော ပြတင်းပေါက်လေး ပိတ်ဖို့ ကျန်နေသေးတာကို တွေ့မိ၍  ပြတင်းတံခါးဆီသိုက လျှောက်ခဲ့မိပြီး တံခါးရွက်တွေ ဆီလက်က အလှမ်း........


အိုးး လှပလွန်းတဲ့ ပန်ခြံကြီးထဲမှာ လိပ်ပြာလေးတွေက တောင်ပံခတ်လို့ ပန်းပွင့်လေးတွေနားမှာ လူးလွန့် ပျံသန်းလို့နေသည်။ အနက်ရောင် ပိန်းပိန်းထနေသော ပိတုန်းတို့ကလဲ တစ်ဝဲလဲလဲ။ ပျားတွေကလဲ တစ်ရစ်ဝဲဝဲ။


သူမ တွေးတောနေမိသည်။ ပန်းဝတ်ရည်တို့ကို စုပ်ယူသူခြင်း အတူတူ ဘာကြောင့်များ ပျားနှင့် ပိတုန်းက အဆိပ်တွေ လှိုင်ထနေပြီး လိပ်ပြာလေးတွေက အပြစ်ကင်းစင်နေရတာလဲ။ ဒီဥယျာဉ်ကြီးထဲမှာ တူတူကြီးပြင်း ၊ဒီဥယျာဉ်ကြီးထဲမှာ ပန်းဝတ်ရည်တွေကို တူတူစားသုံးနေပြီး ဘာကြောင့်များ ကွာခြားမှုတွေ ဖြစ်ပေါ်နေရတာလဲ။ ပန်းတစ်ပွင့်ခြင်းစီရဲ့ ဝတ်ရည်ကို တူတူစုပ်ယူနေကြပြီး ပျားနဲ့ ပိတုန်း အဆိပ်ပြင်းနေပုံကို အရိုးခံ ပန်းပွင့်လေးမှ သိပါလေစ။


ဟူး ..... သူမ ဘာတွေ တွေးနေမိပါလိမ့်။ ခုချိန်မှာ အတွေးယဉ်ကြောထဲမျှောနေရမည့်အချိန်မဟုတ်သေးပါ။ ယခု လက်ရှိ အချိန်က သူမ ထိုနေရာမှ စွန့်ခွာရမည်ပင် ။ 


ထိုနေရာလေးသည် သူမ ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော နေရာ။ ပန်းပေါင်းစုံ ဖူးပွင့်၍ ကျေးငှက်တို့ သံစုံ တေးသီကျူးရာနေရာ။ တောင်ညိုတောင်တန်းကြားတွင် အုပ်ဆိုင်းစွာ တည်ရှိ၍ အေးချမ်းလျှက် ရှိသော နေရာ။ သူမ အဆင်မပြေမှုတွေနှင့် ကြုံလာတိုင်းမှာ ထိုနေရာလေးမှာ သူမ တိတ်တဆိတ် လာရောက် ပုန်းအောင်း နေထိုင်လေ့ရှိသည်။ စိတ်ညစ်ညူးမှုတွေ များလာတိုင်း ထိုနေရာလေးသို လာရောက်၍ သူမ၏ စိတ်ဖိဆီးမှုကို ဖြေဖျောက်လေ့ရှိသည်။ ထိုနေရာလေးသည် သူမ၏ တစ်ခုတည်းသော နားခိုရာ စိတ်ဖြေဖျောက်ရာနေရာ။သူမ ပိုင်ဆိုင်ထားသည့် မွေးရပ်မြေမှ အိမ်နှင့်ခြံ။


တောမှာ မွေးသည့်သူမ မှိုင်းညို့ညို့တောင်းတန်းတွေကို ချစ်သည်။ပန်းပေါင်းစုံ ဖူးပွင့်နေသော ဥယျာဉ်ကို သူမချစ်သည်။ထိုတောင်တန်း ထိုဥယျာဉ်တို့မှ ဖြတ်သန်းတို့မှ ဖြတ်သန်းတိုက်ခတ်လာသော လေတွေကို သူမမြတ်နိုးသည်။ သို့ပေမဲ့ သူမ ထိုနေရာလေးမှာ ကြာကြာနေလို့ မဖြစ်။ မာယာတွေ အထွေထွေဖုံးတဲ့ လူသားဆန်ဆန် ပတ်ဝန်းကျင်ထဲ ပြန်လည်ဝင်ရာက်ရအုံးမည်။ 


သူမရင်မှာ ခိုအောင်းနေတဲ့ ဝမ်းနည်းအားငယ်မှုကို ဖုံး လို့ ပေါ့ပါးမြူးကြွတဲ့ ငှက်မွေးလေးတစ်ချောင်းလို လေမှာ ဝဲပျံနေတဲ့ ပျော်ရွှင် မြူးကြွနေတဲ့ သဏ္ဍန်လုပ်သရုပ်ကို ဖော်ကြူးရအုံးမည်။ ရင်ထဲက ငိုချင်းကို ကွယ်ဝှက် ပြုံးတစ်လှည့် ရယ်တစ်လှည့် မျက်နှာနှင့် ဟန်ဆောင်ရပေအုံးမည် ။ အများအမြင်မှာတော့ သူမသည် ပူပင်မှုတွေ ကင်းသည့် မင်းသမီး။ ဒရိုက်တာ တွေရဲ့ ခိုင်းစေချက်အောင်မှာ ရင်ထဲက ဆန္ဒတွေ သိုဝှက် မာယာပြုံးတွေနှင့် ပြုံးပြရပေအုံးမည်။


လက်ရှိ အနုပညာလောကရဲ့ ခေတ်သရုပ် သရုပ်ဆောင်ခြင်းအတတ်ထက် ခန္ဓာပြအလှကို ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ် ကောက်ကြောင်းတွေပင့်ကာပြရင်း ဟိုဖော်ဒီဖော် အလှနှင့် သူမ ရှေ့ဆက်ရပါအုံးမည်။ အများသူငှာ မိုးခါးရေ သောက်နေချိန် ရေငတ်နေသည့် သူမ ထိုမိုးခါးရေကို မချိမဆန့် သောက်ရပေအုံးမည်။


တစ်ခါတစ်ရံ သူမကိုယ် သူမ လွန်စွာ ရှက်ရွံမိသည်။ သူမကို ချစ်သော ပရိသတ်တို့အား ရင်ထဲမှ ကြိမ်ကြိမ် တောင်းပန်၍ သူမခန္ဓာကိုချစ်သော ပုရိသတ်မုဆိုးတို့ရဲ့ အလျှံညီညီ မီးတောက်တွေထဲ သူကိုယ်ကိုယ် သူမ ထိုးကျွေးခဲ့ရသည်။ 


ဘယ်သူမပြု မိမိမှု။ သူမချစ်တာ အနုပညာ။ သို့သော် ထိုအနုပညာအတွက် ပေးဆပ်ခဲ့ရသည့် အရင်းအနှီက အရှက်မဲ့ မျက်နှာပေးနှင့်ခန္ဓာအလှ။ အသိုင်းအဝန်းမဲ့ သူမအတွက် ထိုသူတို့ ပြောသော ဒါဟာ အနုပညာဆိုတဲ့ စကားလုံးအောက် သရုပ်က လိုက်ရင်းအချိုးအဆစ် ထုတ်ပြခဲ့ရသည်။
သူမ ရင်ထဲ အမှန်တကယ် ဖြစ်ချင်နေသည့် ဆန္ဓတစ်ခုမှာ သူမရဲ့ ဗီဇ သူမရဲ့ မွေးရာပါ ဝါသနာတွေနှင့် တကယ့်သရုပ်ဖော် သရုပ်ဆောင်တစ်ယောက်ဘဝပါ။ အဖော်အချွတ် မပါသည့်သဘာဝ ပီပြင် သရုပ်ဆောင်တစ်ယောက်ပါ။ ဖြစ်ချင်တိုင်း မဖြစ်ရသေးသည့် သူမလို အနုပညာလမ်းခရီးကို စမ်းတဝါးဝါး လျှောက်နေရသေးသည့် ခေတ်သစ် မင်းသမီးတစ်ယောက်အဖို့ ကျရာနေရာကို သရုပ်ဆောင် စေညွှန်ချက်တွေအတိုင်း ကောက်ကာ ကွေးလို့ ခန္ဓာအလှ ပြကာနေရအုံးမည်။ 


သရုပ်ဆောင်နှင့် သရုပ်ပြ မှားယွင်းနေသည့် အသိုင်းအဝန်း တစ်ခုထဲ သူမ ဝင်ရောက်ခဲ့မိသည်လား။ ယဉ်ကျေးမှုကို မြတ်နိုးနေသည့် ပရိသတ်ကို ရင်ထဲ တိုးတိတ်စွာတောင်းပန်ရင်း သူမရင်ထဲမှ တီးတိုးဆန္ဒတစ်ခုကတော့
“တစ်နေ့ သူမ စစ်မှန်သော သရုပ်ဆောင်အဖြစ်နှင့် ပြည်သူတွေကြားထဲ ထိုးဖောက်ခွင့် ရလိုပါ၏ ။ သူမ၏ ကိုယ်တွင်းမှာ ကိန်းအောင်နေသော ပီပြင်သည့် အနုပညာသရုပ် ဖန်တီးကာ ပြခွင့်ရှိပါစေ ” ။
ခုတော့ နာမည်လေး တစ်ခုရဖို့ စေခိုင်းသူတို့ရဲ့ နောက်က လိုက်ရင်း မတင့်မတယ် သရုပ်ဆောင်ရပေအုံးမည်။ စိတ်တွေ မွန်းကြပ်လာတဲ့ အခါ သူမအတွက် အလုံခြုံဆုံး သူမ ပိုင်ဆိုင်ရာမြေလေးမှာ ခုလိုလာရောက်ပုန်းအောင် အားသစ်တွေမွေးရင်း နောက်တစ်နေ့ အတွက် မျက်နှာပြောင် တိုက်ရပေအုံးမည်။ 


ဖြစ်ချင်တာ ဖြစ်ခွင့်မရသေးသည့် ဘဝမှာ ဆန္ဒကို သိမ်းကာ ထုတ်ပိုး ဘဝသရုပ် ပြကာ နေရအုံးမည်။
ခွင့်လွတ်ကြပါ ကျွန်မကို ချစ်သော ပြည်သူ။

ပြိုမလိုနဲ့ ငိုခဲ့ရသည့် တိမ်လွှာ

တစ်ခါတစ်ရံတော့ ရင်ထဲ အချစ်ရောက်လာတာဟာ သောကတွေကို အခမဲ့ ဝင်ယူမိတာလားလို့တောင် ဆိုရမလိုပင်။ တစ်ခုမဟုတ် တစ်ခု အပြစ်ရှာတတ်တဲ့ ချစ်သူ “ကို”ကြောင့်ပျော်ရွှင်ရသည့် အချိန်ထက် နာကျင်စွာ ငိုကြွေးနေရသည့် အချိန်တွေက ပိုများနေသလိုပင် ။ အထူးသဖြစ် “ကို ”သည် ကျွန်မနားက စွန့်ခွာပြီး ဌာနီကို ပြန်သွားခဲ့သည့် နောက်ပိုင်း သူ၏ ငြူစူမှုများ စကားနာထိုးမှုများက နေ့တိုင်းလိုပင်။တစ်ချိန်က တစ်နိုင်ငံထဲ အတူ နေခဲ့သည့် ကာလလေးတွေမှ ကြင်နာခြင်းတွေကို သတိအရသား။ ခုတော့ တစ်ယောက်ထဲ ကျန်ခဲံသည့် သူမကို “ကို” စိတ်မချတော့ဘူးတဲ့ ။


Gtalk လို နေရာမျိုးမှာ ဆုံမိလျှင်ပင် သူမ အရင်ခေါ်မှ ။ သူမမှ စတင်မခေါ်မိလျှင် မခေါ်လို့ ဆိုပြီး ပြစ်တင်စကားဆိုကာ ရန်လုပ်သည် ။ အနည်းဆုံး တစ်ပတ် တစ်ကြိမ်(သို့) နှစ်ကြိမ် ဖုန်းမခေါ်မိလျှင် ပြစ်တင်စကားဆိုကာ စကားများရမြဲ ။ရေမြေခြားမှာ တစ်ယောက်ထဲ ရပ်တည်နေရတဲ့ သူမအတွက် တစ်ခါတစ်ရံ ကိုယ့်ရဲ့ စကားသံများက သူမ သိက္ခာ အကြိမ်ကြိမ် ထိပါးလို့ ရင်မှာ နာကျင်ခြင်း တစ်ချို့ ရိုက်သွင်းလေ့ရှိခဲ့သည် ။


သို့သော် သူမ “ကို” ကိုအရမ်းချစ်ပါ၏ ။ရေမြေခြားမှာ တစ်ယောက်ထဲ ရပ်တည်ကျန်ခဲ့တဲ့ သူမကို စိတ်မချ၍ ပြောနေခြင်းဟုသာ တွေး၍ ဖြေသိမ့်ခဲ့ရသည်က အကြိမ်ကြိမ်။ သိုပေမဲ့ ဘာမဟုတ်သည့် အကြောင်းအရာများနေ့ စကားများနေရသည့် အဖြစ်ကိုလဲ သူမ ငြီးငွေ့လာပြီ။ ထုံးစံအတိုင်း ညကလဲ “ကို”နှင့် စကားများအပြီး တစ်ဝက်တစ်ပျက် အိပ်စက်ညတွေ ကုန်ဆုံးသွားခဲ့ရပြီ ။ ကျွန်မကို ချစ်တဲ့ “ကို” ဘာကြောင့် ပြောင်းလဲသွားရတာလဲ ။ညကဝမ်းနည်းခြင်းအရှိန် ယနေ့ထက်တိုင်အောင် မကုန်သေးတော့ အလုပ်ထဲရောက်တော့လဲ မပျော်ရွှင်မိ ။


ချိနဲ့နဲ့ နှလုံးသားနှင့် ညှိုးနွမ်းနွမ်းမျက်နှာ ငိုင်ကာငေးလို့ အလုပ်ထဲမှာ စိတ်မပါ။


“မေ”
ရုတ်တရက် ခေါ်သံကြောင့် မော့ကာကြည့်လိုက်တော့ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် “ဘန်း” ရဲ့ မျက်နှာကိုတွေ့လိုက်သည်။
“ဆောရီး ဘန်း ။စောက မတွေ့လိုက်မိဘူး”
“ကျွန်တော် ကြည့်နေတာကြာပြီး။မေ တစ်ခုခု ကို ဝမ်းနည်းနေတာလား”
“အင်း ဘာရယ်တော့ မဟုတ်ပါဘူး ။ဒီလိုပါပဲ”
“ဘန်း”ရဲ့ အမေးကို ကျွန်မ ကွေ့ဝှိုက်ရှောင်ကာနေလိုက်သည်။ အမှန်ကိုတော့ မပြောချင်ပါ။ ကိုယ့်နှလုံးသားရေးရာကို အလုပ်ထဲထိ ယူလာလို့ မဖြစ်။ “ဘန်း”ကသာဆက်၍
“မေ အိမ်ကို သတိရနေတာလား ။အိမ်နဲ့ စကားပြောချင်လား ။ စကားပြောချင်ရင် ကျွန်တော့်ကိုပြောနော်။ ကျွန်တော် ကူညီပါ့မယ်”
“ကျေးဇူးပါ ဘန်း။ ခုတော့ မလိုသေးဘူး”
“ok လိုတဲ့ အချိန်သာ ပြောလိုက် အဆင်သင့်ပဲနော်”
ကျွန်မတို့ရုံးမှာ ကျွန်မတို့လို အခြားဌာနမှ လူများသည် Gmail, Gtalk,skype,VZO,ကို ရုံးချိန်တွင်း သုံးခွင့်မရှိပါ။ ဘန်း တို့လို ITဌာနက လူတွေသာ သုံးခွင့်ရှိတာကြောင့် ကျွန်မလိုအပ်ရင် ကူညီမယ်လို့ ဘန်းက ဆိုခြင်းသာ ဖြစ်သည်။




သို့ပေမဲ့ ကျွန်မ ဘန်းရဲ့ အကူအညီကို မလိုချင်ပါ။ ဘန်း နှင့် ကျွန်မသည် တစ်ရုံးထဲတွင် အလုပ်လုပ်နေသည်မို့ နေ့စဉ် မြင်တွေ့နေကြ။ ထို့ပြင် ဘန်း ရဲ့ မျက်နှာပြင်ပေါ်မှာ ဖြတ်ပြေးနေသော ရောင်စဉ် တစ်ချို့နှင့် ကျွန်မအပေါ် သက်ရောက်မှုတစ်ချို့ကို ဘန်းရဲ့ အမူအယာ ဂရုတစ်စိုက် ရှိမှုတွေမှ မြင်တွေ့နေရမြဲမို့ ဘန်းကို ကျွန်မ ရှောင်လေ့ရှိသည်။ ကျွန်မမှာ ကျွန်မ သိပ်ချစ်ရသည့် “ကို” ရှိသည်လေ ။




*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*




“Surprise !!! ”
ရုတ်တရက်  ဘန်း ရဲ့ အော်သံ တစ်ခုနှင့် မျက်လုံး ရှေ့ ရောက်လာည် အဖြူရောင် လီလီပွင့် တွေကို ထုပ်ပိုးထားသည့် ပန်းစီးတစ်စီးကြောင့် ကျွန်မ အံ့အားတစ်သင့် ဘန်း ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိသည် ။


“ယူလေ မေ ။ဒါ မေ့အတွက်ပါ ။ မေ့ကို ခုတစ်လော ကြည့်ရတာ ငေးငေးငိုင်ငိုင်နဲ့ ။ တစ်ခုခုကို အဆင်မပြေလို့ ဝမ်းနည်းနေသလိုပဲ။ မေ့စိတ် ခံစားမှုတွေ သက်သာအောင် ကျွန်တော့်ရဲ့ လက်ဆောင်ပါ”
“ဘန်းရဲ့ ဂရုဏာ အတွက် ကျေးဇူးပါ ဘန်း”
လို့ ဘန်းပေးတဲ့ ပန်းစည်းလေးကို လှမ်းယူရင်း ပြန်ပြောလိုက်တော့ ဘန်းက သူ့ ထုံးစမ်းအတိုင်း ခပ်ပြုံးပြုံးနှင့်
“ သေချာတာပေါ့”


ဆိုတဲ့ စကားတစ်ခွန်း ပြန်ကာပြောရင် ကျွန်မမျက်လုံးကို ခပ်စိုက်စိုက်ကြည့်ရင်း ကျွန်မ စိတ်တွင်းကို ထွင်းဖောက်နိုင်သည့် အကြည့်တစ်ချက်ဖြစ် လှမ်းကြည့်ကာ နှစ်သိမ့်ပြုံးနှင့် ပြုံးကာ ပြရင်း သူ့လက်နှင့် အလှမ်းမှီသည့် ကျွန်မ ပုခုံးသား တစ်ဖက်ကို ခပ်ဆတ်ဆတ် လှမ်းကာ ပုတ်ရင်း နှစ်သိမ့်ပေးနေသည်။


“မေ ဝမ်းနည်းစရာတွေ ရင်ထဲမှာ မထားနဲ့နော် ။ ပျော်ပျော်နေသိလား ။ ကျွန်တော် မေ ပြုံးနေတာကိုပဲ မြင်ချင်တယ် ။ ပါးချိုင့်တစ်ဖက်နဲ့ မျက်လုံးလေးတွေပါ လိုက်ပြုံးတဲ့ မေ့ရဲ့ အရင်လို အပြုံးလေးတွေကိုပဲ ကျွန်တော် မြင်ချင်တယ် ။ အခက်အခဲရှိရင် အားမနာတမ်းပြောပါ”
“ဟုတ်ကဲ့ ကျေးဇူးပါ ဘန်း”
ချစ်သူ ကြောင့် စိတ်ညစ်နေသည့် မေ့ကို အကြင်နာတွေ မပြပါနဲ့ ဘန်း ရယ်။ မေ “ကို့” ကို အရမ်းချစ်တာပါ ။မေ စိတ်ညစ်နေတာ မေ့ ချစ်သူကြောင့်ပါဆိုရင် ဘန်း မေ့ကို ဒီလို နှစ်သိမ့် နိုင်မယ် မထင်ပါဘူး ။




*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


ဖုန်း massage တစ်ခုဝင်လာသည့် အသံကြောင့် ဖုန်းကို လှမ်းယူကြည့်လိုက်တော့ ထုံးစံအတိုင်း ဒီအချိန် ရောက်လာတတ်သည့် ဘန်း ရဲ့ massage က အခန့်သား။


“ဟေးးး မေ..နေ့လည်စာ စားချိန် ။ဆင်းခဲ့တော့ ။ ကင်တန်းမှာ စောင့်နေတယ်နော်”
သက်မ မောကို ချရင်း နာရီကို မော့ကြည့်လိုက်တော့ နေလည်စာ စားချိန်။ ဒါပေမဲ့  ကျွန်မ အောက်ကို မဆင်းခဲ့ပါ ။ ဘမ်းနဲ့ အချိန်ပြည့် အတူရှိမနေချင်ပါ။ သဝန်တိုတတ်တဲ့ ကိုသာ သိရင် ယောက်ယက်ခတ်နေတဲ့ သဝန်တိုမှုတွေနဲ့ အေးချမ်းနိုင်မည်မထင် ။ ကျွန်မကိုလဲ ပြစ်တင်စူပူနေလိမ့်မည်။


“ကို” စိတ်မချနိုင်သည့် အပြုအမူ မျိုး ”ကို့”နောက်ကွယ် “ကို”မမြင်ရသည့် အခြေအနေတွင် ဖြစ်ပါစေ တစိမ်းယောင်္ကျားတစ်ယောက်နှင့် မနေချင်ပါ ။


“မေ”
ခေါ်သံ တစ်ခုကြောင့် မော့ကြည့်လိုက်တော့ ထုံးစံအတိုင်း ဘန်း ။ သူ့ရဲ့ ပြုံးချိုချို မျက်နှာလေးက အနည်းငယ် အုပ်မှိုင်းလို့ ။
“မေ နေ့လည်စာ ဆင်းမစားလို့ ဗိုက်ဆာနေမှာဆိုးလို့ ဝယ်ခဲ့ပေးတာ ။ ဆာတဲ့ အချိန် စားလိုက်နော်”
သက်ပြင်းကို မသိမသာ ခိုးရှိုက်ရင်း
“ကျေးဇူး ဘန်း”
လို့ တိုးဖွဖွ ပြန်ပြောလိုက်မိသည် ။
“မေ ညနေ ရုံးဆင်းရင် အတူပြန်ရအောင်နော်။ ကျွန်တော် လိုက်ပို့ပေးမယ်”
“မေ OT လုပ်ရမယ် ထင်တယ် ဘန်း ။ အလုပ်တွေ မပြီးသေးဘူး”
“ဪ OK လေ နောက်နေ့ တွေ့ကြတာပေါ့”
ကျောခိုင်းသွားတဲ့ ဘန်း ရဲ့ ကျောပြင်ကို ကြည့်ရင်း သူမအပေါ်ညှာတာသည့် ဘန်း ကို စိတ်ထဲမှ တိုးတိတ်စွာ တောင်းပန်လိုက်မိသည့်။
ထိုနေ့က ရုံးဆင်းချိန် ဘန်း ကို ရှောင်ချင်သည်နှင့် မရှိသည့် အလုပ်တွေကို ရှာကြံကာ လုပ်ရင်း ထိုနေ့ညက မိုးချုပ်မှာ အိမ်ကို ပြန်ဖြစ်ခဲ့သည်။အိမ်ပြန်နောက်ကျတဲ့ သူမအတွက် ဒေါသနှင့် စောင့်ကြိုနေသူက မည်သူရှိမည်နည်း။ ကျွန်မရဲ့ ချစ်လှစွာသော ”ကို”ပေါ့။
အိမ်ကိုအရောက် ကိုနှင့် တွေ့နေကြ အချိန်လေး နောက်ကျနေပြီးအသိနှင့် အဝတ်တောင် မလဲနိုင်ပဲ ဂျီတော့လေးလှမ်းကာ ဖွင့်လိုက်တော့ ထုံးစံအတိုင်း တစ်ထောက်ထောက် တက်လာနေသော စာများမှ ငြူစူသံများ။


“ဘယ်သူနှင့် ဘယ်သွားနေတာလဲ ၊ ဘယ်သဝေထိုးနေတာလဲ၊ ဒီမှာ စောင့်နေတာကြာပြီး မသိဘူးလား စသည်ဖြစ် စုံကာနေလို့။
“မေ ခုမှ ရုံးက ပြန်ရောက်တာပါ ကို”
“ခုချိန်မှ ပြန်ရောက်ရအောင် ဘယ်သွားနေလို့လဲ. ဒါရုံးချိန်မှ မဟုတ်တာ”
မဆုံးနိုင်သော ကိုရဲ့ ဆူပူမှုတွေကို နားထောင်ရင်း အပ်ကြောင်းထပ် မရိုးနိုင်သည့် စကားလုံတွေကို ပြန်လည်ဖြေရှင်းရင်း ပင်ပမ်းလာသည့် သူမအတွက်အတွက် မချမ်းမြေ့ဖွယ် ညလေး တစ်ည ကုန်ဆုံးရပြန်ပါပြီ။ “ကို” သူမကို ချစ်တာ သူမ သိပါသည်။ ချစ်လွန်းလို့ သဝန်တို စိတ်မချနိုင် ပူပင်နေတာကို သိပါသည်။ သို့ပေမဲ့ အနာဂတ်အတွက် သူမ ကြိုးစားရအုံးမည်။ ခုချိန် ပြန်လို့ မဖြစ်သေး။




*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*




“မေ”
ရနေကျ  BVLGARI  ရေမွှေးရနံ့ နှင့် ခေါ်သံတစ်ခုကြောင့် မော့မကြည့်ပဲနှင့် “ဘန်း” ဆိုတာ သူမ သိလိုက်ပြီ။
“ပြောပါ ဘန်း”
ပြောပါ လို့ ပြောမှ တိတ်ဆိတ်သွားသော “ဘန်း ” ကြောင့် ဘန်း မျက်နှာကို မော့ကာ ကြည့်လိုက်တော့ တစ်ခုခုကို လေးလေးနက်နက် တွေးဆနေသော မျက်နှာနှင့် ။
“တစ်ခုခု ပြောစရာ ရှိလား ဘန်း”
“အင်း ရှိတယ်
မေ..... ကျွန်တော့ကို မောင်လို့ ခေါ်ပါလား”
ရုတ်တရက် အံ့အားသင့်ကာ ဘန်းကို မော့ကြည့်လိုက်တော့ သူက ရှက်ကိုးရှက်ကန်းနှင့်ဖြူစွတ်စွတ် အသားအရေပေါ်မှာ ပါးပြင်နှင့် နားရွက်ဖျားတို့က နီစွေးလျက် ထိုနောက်မှ လေသံတိုးတိုးနှင့် ဆက်ကာ


“ဟို ကျွန်တော် မြန်မာအသိ တစ်ယောက်ကို မေးပြီး သင်ယူတာပါ”
“အင်း အဲ့ဒါဆို မောင် ဆိုတာ ချစ်သူခြင်းပဲ ခေါ်တယ် ဆိုတာ ဘန်း သိပြီးသားပေါ့”
“ဟုတ်ကဲ့”
“အင်းလေ ဘန်းနဲ့ မေက ချစ်သူတွေမှ မဟုတ်တာ”
“ဒါပေမဲ့ မောင် မေ့ကို ချစ်တယ် မေ ။ မောင့်ကို မေက မောင်လို့ ခေါ်စေချင်တယ် မေ”
ကျွန်မကတောင် မခေါ်ရသေး မောင်လို့ စတင်သုံးနေတဲ့ ဘန်းကို ကြည့်ရင်း ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ဘန်း ”
“ပြောပါ မေ”
“ကျွန်မမှာ ချစ်သူရှိတယ်.. သူက အခု ကျွန်မရဲ့ နိုင်ငံမှာပါ”
“ချစ်သူရှိတာ အဆန်းမှ မဟုတ်တာမေ ။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့ သူမှ မဟုတ်တာ။ မေ့မှာ ချစ်သူ ရှိခွင့် ရှိပါတယ်”
“မဟုတ်ဘူး ဘန်း။ ကျွန်မ သူ့ကို ချစ်တယ်။ ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖို့လဲ ရည်ရွယ်ထားတယ်။ မေ သူ့တစ်ယောက်ထဲကိုပဲ ချစ်တယ် ဘန်း”
“မောင် မေ့ဆီက အချစ်ဆိုတာကို မတောင်းသေးပါဘူး။ မောင့်ကို မောင်လို့ ခေါ်ဖို့ရယ် မောင်ချစ်နေတာ အသိအမှတ်ပြုပေးဖို့ရယ်ပဲ တောင်းဆိုတာပါ”
“ဆောရီး ဘန်း မဖြစ်နိုင်လို့ပါ”


ကျွန်မရဲ့ နောက်ဆုံး စကားတစ်ခွန်းအပြီးမှာ ဘန်းက ဘာစကားမျှ မဆို ။ ကျွန်မကို ခပ်စိုက်စိုက်သာ ကြည့်နေလေသည်။ ဘန်းသည် ကျွန်မကို ချစ်စကား ပြောပြီးသည့် ထိုနေ့မှစ၍ တရားဝင် ဂရုစိုက် ကြင်နာမှုတွေ ပြခဲ့တာတော့ တစ်ရုံးလုံးပင် သိကြကုန်ပြီ။ လုပ်ဖော်ကိုင်ဖက်တို့၏ စနောက်သံတွေက ဘန်းနှင့် ကျွန်မတို့ နှစ်ဦးလုံးကို ပေါ်ပေါ်တင်တင်ပင် ။


ဘန်းရဲ့ အရိပ်တစ်ကြည့်ကြည့် ဂရုစိုက်မှုတွေသည် နေ့စဉ် တစ်ရက်မပျက်။ သူမကသာ ကို့ရဲ့ သဝန်တိုမှုတွေကို သိရှိထားသောကြောင့် ဘန်း အပေါ်ပုံမှန် ထက်မပိုသော ဆက်ဆံရေးနှင့်သာ ဆက်ဆံခဲ့သည်။ ဘန်းနှင့်အတူ နှစ်ယောက်သား တွဲသွားတွဲလာမလုပ်။ ကင်းတင်းမှာ တူတူ ထမင်းထိုင်စားတဲ့ အဖြစ်မျိုးကိုလဲ ရှောင်ခဲ့သည်။
ယုံပါ ကို ။ ကျွန်မ ကို့ တစ်ယောက်ထဲကိုသာ ချစ်တာပါ ။


*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


“မေ နက်ဖြန် ရုံးပိတ်ရက်နော်”
“အင်း”
ရုံးပိတ်ရက် ကိုများ အထူးအဆန်းလုပ် စကားထဲ ထည့်ပြောလာသည့် ဘန်း စကားကို စိတ်မဝင်စား သယောင် “အင်း” တစ်ခွန်းသာ ခပ်တန်းတန်း ပြန်ဖြေလိုက်သည်။
“မေ မနက်ဖြန် ကမ်းခြေသွားရအောင်။ မေ ကမ်းခြေသွားရတာ ကြိုက်တယ်ဆိုတာ မောင်သိတယ်”
“ကျွန်မ ဘယ်ကိုမှ မသွားချင်ဘူး ဘန်း ။ အိမ်မှာပဲ နားချင်တယ်”
မနားလို့လဲ မဖြစ်။ရုံးပိတ်ရက်တွေဆို ချစ်သူ “ကို” က အမြဲတမ်း လိုင်းပေါ်မှာ စောင့်နေလေ့ရှိသည်။ ကျွန်မ အပြင်ထွက်လို့မရပါ။ အပြင်ထွက်လျှင် “ကို ” နှင့် စကားများရလိမ့်မည်။
“ခဏလေးပါ မေ..ညနေခင်း လမ်းလျှောက်တာ ဖြစ်ဖြစ် ခဏလေး လမ်းလျှောက်ရအောင်ပါ”
“ဆောရီး ဘန်း...ကျွန်မ မလာနိုင်ဘူး ။ အိမ်မှာပဲ နေမှာပါ ”
“မေ မလာမချင်း မောင် အဲ့ဒီကမ်းခြေမှာ စောင့်နေမယ်မေ..မောင် ဆက်ဆက်စောင့်နေမယ်”
နှုတ်မဆက်ပဲ ထွက်ခွာသွားတဲ့ ဘန်း ကျောပြင်ကို ကြည့်ရင်း ထုံးစံအတိုင်း သက်ပြင်းရှိုက်ကျန်ခဲ့သူက ကျွန်မပေါ့ ။


*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


နေရောင်ခြည်တန်းကြောင့် ကျိန်းစပ်နေတဲ့ မျက်ဝန်းအစုံကို တွန်းကာ ဖွင့်ရင်း နာရီ ကြည့်လိုက်တော့ မနက် (၉)နာရီ။ စောသေးတာပဲ ။ ရုံးပိတ်ရက်ဆို နောက်ကျမှ နိုးထတတ်တာ သူမ အကျင့်။ ဆက်ကာ အိပ်လိုက်အုံးမည် ။ အိပ်လိုက်အုံး မည် ဆိုကာမှ မြည်လာသော ဖုန်း massage ကြောင့် မဖွင့်ချင် ဖွင့်ချင် မျက်လုံးများနှင့် လက်က ဖုန်းကိုဖွင့်ယူကာ ကြည်လိုက်သည်။


“မင်္ဂလာ နံနက်ခင်းပါ မေ ။ မောင်စောင့်နေမယ်နော်”
စောင့် စောင့်ပေါ့။ သူမကတော့ မသွားဘူးလို့ ဆုံးဖြတ်ထားတာကြောင့် မျက်လုံးကို ပြန်မှိတ်၍ ပြန်လည်အိပ်ဖို့ကိုသာ ကြိုးစားလိုက်သည်။ နောက်တစ်ကြိမ် သူမ ပြန်လည်နိုးလာတော့ (၁၁) နာရီထိုးပြီ ။ ဆက်အိပ်နေလို့ မဖြစ်တော့။ စက်ထဲ ထည့်လျှော်ထားပြီး ဖြစ်သည့် တစ်ပတ်စာ အဝတ်တွေကို မီးပူတိုက်ရအုံးမည်။ မီးပူးတိုက်ရင် ကွန်ပျူတာ ဖွင့်ထားရင်း ကို လိုင်းပေါ် တက်အလာကို စောင့်ရမည် ။ တစ်နာရီခွဲ အချိန်ကွာခြားနေသည့် ကိုနှင့်သူမ နေထိုင်ရာ နိုင်ငံအတွက် သူမကသာ ကြိုတင် စောင့်စားရပါလိမ့်မည်။


ကော်ဖီတစ်ခွက်လောက်တော့ သောက်အုံးမှ ။ ကော်ဖီကြိုက်သည့် သူမ အတွက်မနက်မိုးလင်းသည်နှင့် မရှိမဖြစ်လိုအပ်သည့် အရာသည် ကော်ဖီ ။ အလုပ်လုပ်နေသည့် ကော်ဖီဖျော်စက် အသံတွေကြားထဲမှ သူမ ကော်ဖီသောက်တိုင်း ရှုံ့မဲ့နေတတ်သော ကော်ဖီမကြိုက်သည့် ကို့ မျက်နှာကို မြင်ယောင်ရင်း ပြုံးမိလိုက်သေးသည်။ ထိုနည်းတူစွာပဲ သူမနှင့် တူတူ ကော်ဖီလိုက်သောက်လေ့ ရှိသည့် ဘန်းရဲ့ ပြုံးချိုချို မျက်နှာ ။


အိုးးးးးးးးး ဘန်းဆိုလို့ ဘန်း ကို သတိရသွားရင်း နာရီကို အမှတ်တမဲ့ မော့ကြည့်လိုက်မိသေးသည်။ No...No...No........။ မတွေးပါဘူးလေ။ သူမ မလာဘူးလို့ ပြောထားပြီးသား ။


ဟော ကြည့်စမ်းကွယ် ကောင်းကင်မှာ မိုးတွေ အုံ့မှိုင်းနေတယ်။ မိုးရေတွေကိုတော့ သူမ ချစ်သည်။ အထူးသဖြစ် အလုပ်နားရက်မှာ ရွာသည့် မိုးကို သူမ ပိုနှစ်သက်သည်။ မိုးအေးအေးနှင့် အိမ်မှာ ကွေးနေရတာ၊သီချင်းနားထောင် စာအုပ်ဖတ်ရတာကို သူမ နှစ်သက်သည်။


သူမ မီးပူတိုက်နေချိန်တွင်ပဲ ကို လိုင်းပေါ်တက်လာသည် နှင့် ကိုနှင့်စကားပြော ။ ရုံးပိတ်ရက်တွေဆို ကိုနှင့် စကားပြောရင်း ကုန်ဆုံးသွားသည့် သူမရဲ့ အချိန်အတွက် လက်ဖက်သုတ် တစ်ပန်ကန်ထဲ ထမင်းဖြူထည့်ရင်း ကွန်ပျူတာရှေ့ထိုင်စား ကိုနှင့် စကားပြောဖြစ်သည့် သူမ၏ နေ့လည်စာသည် မရိုးတမ်း အမြဲတမ်း။ သူမ ကွန်ပျူတာ ရှေ့မှာ မထချက်နိုင်အားပါ။ သူမ၏ နေ့လည်စာ အတွက် ထပြီး ချက်ပြုတ်မည်ဆိုလျှင် ကိုက မေးတတ်သည်။


“ကိုနှင့် တွေ့သည့် အချိန်နှင့် ထမင်းဟင်းကောင်းကောင်းတစ်ခွက် မည်သည်က ပို၍ အရေးကြီးသနည်း။”
ထိုမေးခွန်းအတွက် အဖြေနှင့် နောက်ဆက်တွဲ စကားများရခြင်းကို သူမ မဖြေရှင်းချင်၍ သူမ၏ နေ့လည်စာကို ဖြစ်သလိုသာ ဖြေရှင်းသည်။ထိုခဏတွင် မိုးသဲသဲနှင့် ဘန်းကိုလဲ သူမ ခဏမေ့ပျောက်ထားလိုက်ပြီ။ ကိုသည်သာ သူမရဲ့ ကမ္ဘာ ။


တစ်နေ့တာ  ကုန်ဆုံးလို့ တစ်နေဝင်မိုးပင်ချုပ်ခဲ့ပြီ။ မှားလို့ ထိုနေ့က မိုးတွေ ရွာနေလို့ နေမဝင်ခဲ့ပါ။ ဝင်စရာ နေလုံး မရှိခဲ့သောကြောင့် နေဝင်သည်လို့ ပြော၍ မရနိုင်ပါ။ သို့သော် မိုးတော့ ချုပ်ခဲ့ပြီ။


ကလင်းးးးးးးးး ကလင်းးးးးးးးးး


သူမ အခန်းရှေ့မှ မြည်လာသော ဘဲလ်သံကြောင့် နာရီကိုကြည့်လိုက်တော့ (၁၀) နာရီတောင် ထိုးနေပြီ။ ဘယ်သူများပါလိမ့် ။သူမဆီ ဧည့်သည်လာလေ့ မရှိပါ။ ယခုလို ညဉ့်နက်ချိန်ဆို ပို၍ဝေးသည် ။


ကလင်းးးးးးးးးး ကလင်းးးးးးးးးးးး


နောက်ထပ်တစ်ချက် မြည်လာသော ဘဲလ်သံကြောင့် သူမ အတွင်းတံခါးကို ဖွင့်ကြည့်လိုက်တော့ သံဇကာအပြင်ဘက်မှာ ရပ်နေသည့်
အိုးးးး ဘန်း ရယ်လေ ။ တစ်ကိုယ်လုံး မိုးရည်တွေ စိုရွှဲလို့ ။မိုးရေစက်တွေ ခိုတွဲနေတဲ့ သူ့ဆံပင်တွေ အောင်က မျက်ဝန်းညိုတွေ။ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ပြာလဲ့လဲ့ နှုတ်ခမ်းသားတွေ။ သူဝတ်ထားတဲ့ ရှပ်အကျီ င်္ ဖြူဖွေးဖွေးက သူ့ခန္ဓာမှာ ကပ်လို့။


“မေ မောင်စောင့်နေခဲ့တယ် ။ မောင့်ဆီကို ရောက်မလာခဲ့ဘူးနော်”


တစ်ခွန်းထဲသော စကားကိုသာ ပြောပြီ ဘန်း လှည့်ထွက်သွားခဲ့သည်။ သူမ ကြက်သေ သေကာ ဘန်း ရဲ့ ကျောပြင်လေး ကိုသာ ငေးမောကြည့်နေမိသည်။
ဘန်းရယ်...။ ဒီအချိန်ထိ မိုးရေထဲမှာ ရှိနေခဲ့တာလား ။မေ မလာဘူးလို့ ပြောထားတာ ဘာလို့ စောင့်နေခဲ့သလဲ ဘန်းရယ်။


*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


နောက်နေ့ ရုံးကိုရောက်တော့ ဘန်းကို မတွေ့မိ။ မနေ့က အရှိန်နှင့်များ ဖျားလေ သလား။ မတွေ့ဘူးဆိုမှ တွေ့ ချင်စိတ်နှင့် ဘန်းကို တိတ်တိတ်လေး ရှာဖွေနေမိသည်။


ဘန်းရယ် ကျွန်မ မှားခဲ့ လေသလား ။ဘန်းကိုငှဲ့ကွက်ခြင်းမရှိ မိုးရေထဲမှာ ပြစ်ထားခဲ့မိလေသလား။
တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတဲ့ ရက်တွေမှာ ဘန်းကို တွေ့ဖို့ သူမ မျှော်လင့်နေမိသည် ။သူမအနားမှာ အမြဲရှိနေတတ်သည် ဘန်းကို သတိရနေမိသည်။ပြုံးပြုံးရွှင်ရွှင်နှင့် သူမနား အမြဲတမ်း ရှိနေတတ်သည့် ဘန်းရဲ့ လစ်ဟာမှုကို သူမ ခံစား တတ်လာပြီ။ ဒါဟာ သူမ နံဘေး ရှိနေတတ်သည့် သူငယ်ချင်း မိတ်ဆွေ တစ်ယောက် မရှိတော့သည့် လစ်ဟာမှုလို့ သူမ ဘာသာ ဘယ်လိုနာမည် တတ်တတ် ဘန်းကို သတိရတဲ့စိတ်နဲ့ တမ်းတနေတာတော့ အမှန်ပါ။


သူမရင်ထဲ မသိမသာ ဝင်ရောက်လာတော့မယ့်... မဟုတ်ဘူး... ဝင်ရောက်လာစ ပြုနေပြီး ဖြစ်တဲ့ ခံစားမှု တစ်ခုကို သူမ လျစ်လှူရှူတတ်ရတော့မည် ။
ဘန်း ကို သတိရတဲ့ စိတ်ကြောင့် ဘန်းရဲ့ ဖုန်းနံပတ်လေးကို နှိပ်လုနှိပ်ခင် ဖြစ်နေသည့် သူမရဲ့ လက်ချောင်းလေးတွေကို သူမ မကြာခဏ ဆုပ်နယ်နေမိရင်း မခေါ်မိဖို့ အကြိမ်ကြိမ် သတိပေးနေမိ၏ ။ တစ်ရုံးထဲနေ လုပ်ဖော်ကိုင်ဖက်များ၏ ပန်းစည်းလေးများ ၊ သစ်သီးဝလံ ခြင်းလေးများ ၊ မုန့်ထုပ်ပါကင်လေးများ သယ်ဆောင်ပြီး ဘန်းကို လူနာသတင်း သွားရောက်မေးမြန်းမှုအပေါ် သူမ မသိကျိုးကျွံ ပြုခဲ့မိ၏။


တစ်ပတ်မြှောက်အကြာမှာတော့ ကျွန်မ မြင်တွေ့နေကြ ဘန်း မျက်နှာလေးကို မြင်တွေ့ခွင့်ရပြီ ။အနည်းငယ် ချောင်ကျသွားသော မျက်နှာပေါ်တွင် ခပ်နွမ်းနွမ်း အပြုံးနှင့်ဘန်းကပဲ အလျင်ဦးစွာ
“Morning may”
လို့ စနှုတ်ဆက်တော့ သူမကလဲ
“မောနင်း ဘန်း နေကောင်းသွားပြီလား”
“အင်း ကျေးဇူး ကောင်းသွားပါပြီး”
နှစ်ဦးသား ငြိမ်၍ ခေတ္တ ခဏ တစ်ယောက်မျက်နှာ တစ်ယောက်ငြိမ်သက်ကြည့်နေမိသည်။ ထိုခဏတော့ လောကကြီး တစ်ခုလုံး တိတ်ဆိတ်နေသယောင်။ ကျွန်မရင်ထဲမှာ ဝမ်းနည်းခြင်းတစ်ချို့က လှိုက်တက်လာသယောင်။


“မေ”


ဘန်းရဲ့ ခေါ်သံနောက်မှာ ဆွံ့အတဲ့ နှုတ်ခမ်းတစ်စုံက သံစဉ်မဲ့ ကာ မှိုင်းညို့ညို့ မျက်ဝန်းတစ်စုံကသာ ဘန်း မျက်နှာကို မော့ငေးကြည့်လိုက်သည်။


“မေ မောင့်ကို ပြောစရာ စကား တစ်ခွန်းရှိမနေဘူးလား မေရယ်”
ကနဦးစက ပြိုမလို မျက်ဝန်းတစ်စုံမှ လိမ့်ဆင်းလာတဲ့ မျက်ရည် တစ်စ ကို သူမရဲ့ ခေါင်းကို အစွမ်းကုန် ခါလိုက်ရင်း ကာကွယ်လိုက်မိသည်။
“ဆောရီး ဘန်း မေ့မှာ ပြောစရာ ဘာစကားမှ မရှိဘူး ”
“ဘာကြောင့်လဲ မေ..ဘာကြောင့်လဲ ။ မေ့ရင်ထဲကို မောင် မြင်နေသလိုပါပဲ မေ”
“ဘန်း အထင်မှားနေတာ နေမှာပါ ဘန်းရယ်။ မေ့ရဲ့ ဘန်းအပေါ် စိုးရိမ်ပူပင်မှူက သူငယ်ချင်း တစ်ယောက် လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ပူပင်စိုးရိမ်မှုပါ ဘန်း”
“မေရယ် ဟန်ဆောင်မနေပါနဲ့တော့ ။ မောင့်ကို ချစ်တယ်လို့ ပြောလိုက်ပါတော့ မေရယ်”
“မဟုတ်ဘူး ဘန်း။ ဘန်းလဲ သိပြီးသားပဲ မေ့မှာ ချစ်သူရှိတယ်ဆိုတာ။ မေ့ချစ်သူကို မေ ချစ်တယ် ဘန်း”
“မေရယ် မေ့ရင်ထဲကို မောင်မြင်နေရပါတယ်”
သူမ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချရင်း ဘန်းရဲ့ မျက်နှာတစ်ဝ ခက်စိုက်စိုက် ကြည့်လိုက်သည်။ ပြီးမှ လေကို တစ်ဝ ရှူသွင်းကာ
“ဘန်း..မေပြောမယ် သေချာနားထောင်”
“ပြောပါ မေ”
“ မေ ဘန်းကို မချစ်ဘူး..။ဟုတ်တယ် မချစ်ဘူး ဘန်းရယ်။ နောက် ဘန်းကို မေ မချစ်ဘူး... ချစ်ခဲ့တယ် ဆိုရင်တောင် ဘန်းကို မေ မချစ်သင့်ဘူး ဘန်း... မေ့မှာ ချစ်သူရှိတယ်... မေ့ချစ်သူအပေါ် မေ သစ္စာရှိရမယ် ဘန်း... အဲ့ဒီထက် ပိုတာက မေ့ နိုင်ငံအပေါ် မေ သစ္စာရှိရမယ် ဘန်း... မေ မြန်မာနိုင်ငံသား မဟုတ်တဲ့ ဘယ် လူမျိုး တစ်ယောက်ကိုမှ လက်တွဲဖော် အဖြစ်မရွေးဘူး ဘန်း.. မေ ဟာ မြန်မာပြည်သာ မြန်မာလူမျိုးပါ... မေ့ရဲ့ မျိုးဆက်သစ်အတွက် ဘယ်သွေးမှ အရောမခံဘူး ဘန်း။ မေ့ကို နားလည်ပေးပါ။ မေ ဘန်းကို မချစ်ဘူးဆိုတာ ကိုလဲ ဘန်း ယုံကြည်ပေးပါ ”


“မေ.... မေ့ရဲ့ ခံစားချက်ကို ဒီတိုင်း လစ်လျူရှူ့မှာလား မေရယ်”


“Ben Please..........”
“ဟူးးးးးးးးး OK မေရယ် မေ စိတ်ချမ်းသာ သလို နေပါ။ မေ့ ဆုံးဖြတ်ချက်အတိုင်း မေ ဆောင်ရွက်ပါ..မောင်ဖြည့်ဆည်းပေးပါ့မယ်..ဒါပေမဲ့ တစ်ခုတော့ ခွင့်ပြုပါမေ..မောင့်ကို “မောင်” လို့ သုံးခွင့်ပြုပါ..မေနဲ့ ချစ်သူ ဖြစ်ခွင့် မရခဲ့ဘူးဆိုတာတောင် မေနဲ့  ရင်းနှီးတဲ့ အသုံးအနှုန်းလေး တစ်ခု မေချစ်တဲ့ နိုင်ငံလေးက ချစ်သူခြင်း ခေါ်ဝေါ်တဲ့ အသုံးနှုန်းလေး တစ်ခု မောင့်ကို ပိုင်ဆိုင်ခွင့် ပေးပါ မေ.. ပြီးတော့ မေ အရင်လို ပြုံးနေပါ..။ မေ့နှုတ်ခမ်းထက်က အရင်လို အပြုံးကို မောင်အမြဲတမ်း မြင်နေချင်တယ်မေ။ မေ ပြုံးနေမယ်ဆိုရင် မောင် ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် စိတ်ချမ်းသာပါတယ်..။မေ့ရဲ့ အပြုံးတွေကိုပဲ မြင်တွေ့ချင်တယ်..မေ့နှုတ်ခမ်းထက်က အပြုံးပန်း ထာဝရ လန်းဆန်းနိုင်အောင် ကြိုးစားပါမေ”


သူမ၏ ပြန်ပြောလာမည့် မည်သည့်စကားကိုမျှ မစောင့်ပဲ ဘန်း က ညင်သာစွာ ကျောခိုင်းထွက်သွားသည် ။
ဒီအချိန်မှာ ဘန်း လှည့်ကြည့်ခဲ့ရင် သူမ ပါးပြင်ပေါ်က မျက်ရည်တွေကို ဘန်း တွေ့မှာပါ ။ ဒါပေမဲ့ ဘန်းရယ် ဖြစ်ပေါ်လာတဲ့ ခံစားချက် တစ်ခုနဲ့ စိတ်ရဲ့ သာယာမှုနောက်ကို ကျွန်မ လိုက်လို့ မရဘူး ။ခံစားချက်တွေ ၊ သာယာမှုတွေ နောက်ကွယ်က လိုက်လာမဲ့ သစ္စာတရားတွေ ကို ဖောက်ဖျက်ရမှာကို ကျွန်မ သတ္တိမရှိခဲ့ပါဘူး။


သစ္စာဖောက်မှု တစ်ခုက ကျွန်မ ချစ်သူကို ကျွန်မ သစ္စဖောက်တာထက် ကျွန်မချစ်တဲ့ နိုင်ငံကို ဖောက်မိသွားမဲ့ သစ္စာက ပိုကြီးသွားနိုင်ပါတယ်။ ခဏတာ သာယာဖို့ ကျွန်မ သစ္စာ မဖောက်နိုင်ဘူး ဘန်း..။
သစ္စာတရား အတွက် ကျွန်မ နှလုံးသားကို ကျွန်မ စတေးရဲပါတယ်။
မေ ဘယ်တော့မှ နောက်တ မရပါဘူး ဘန်းရယ်။ ဒီခံစားမှုကို ခဏတာ စိတ်ယိမ်းယိုင်မှုလို့သာ အမည်တပ်လိုက်ပါတော့မယ် ဘန်း ရယ်။


မျက်ဝန်းမှာ အဆက်မပြတ် ကျလာသည့် မျက်ရည်များကိုတော့ မသုတ်တော့ပဲ ခဏတာ ဒီတိုင်း စီးဆင်းခွင့် ပေးလိုက်ပါတော့မယ်..။ ချုပ်တည်း မထားချင်တော့ပါ။ နှလုံးသား တစ်ခုလုံးကို သစ္စာတရားအတွက် ထိန်းသိမ်းထားပြီးမှတော့ ဒီမျက်ရည်တွေကို ပြိုချင်တိုင်း ပြို စီးဆင်းခွင့် ပေးလိုက်ပါတော့မည်။
ဒီတစ်ကြိမ် ငိုပြီးရင် ဘန်း ဖြစ်ချင်တဲ့ အတိုင်း မေ အမြဲတမ်း ပြုံးနေတော့မှာပါ..ဘန်း ရဲ့ တစ်ခုတည်းသော ဆန္ဒကို မေ ဖြည့်ဆည်းပေးမှာပါ ဘန်း ရယ်...။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်